ကြုံတွေ့ရသည့်ကျန်းမာရေးပြသနာများ ၂

ကိုယ်ဝန်ဆောင်စဉ် ကြုံတွေ့ရလေ့ရှိသည့် ကျန်းမာရေး ပြဿနာများ (၂)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝမ်းချုပ်ခြင်း
🔺🔺🔺🔺
🔹အကြောင်းရင်း
- ဟော်မုန်းကြောင့် အူနံရံတွေ ပျော့ပြီး သိပ်အလုပ်မလုပ်လို့ရယ် သားအိမ်က အူမကြီးကို ဖိလို့ရယ်ကြောင့်ပါ။
- သံဓာတ် အားဆေးကလည်း ဝမ်းချုပ်စေပါတယ်။
🔹ကူညီ ကုသခြင်း
- ရေများများ ပုံမုန် သောက်ပါ။
- ဟင်းသီးဟင်းရွက် များများစားပါ။
- လမ်းလျှောက် လေ့ကျင့်ခန်း လုပ်ပါ။
- အိမ်သာ မှန်မှန်ထိုင်ပါ။
- ဝမ်းနုတ်ဆေးများ ရေရှည်ဆွဲ မသောက်သင့်ပါ။ အချို့ဝမ်းနုတ်ဆေးတွေက ကိုယ်ဝန်ကို ထိခိုက်နိုင်ပါတယ်၊ မသောက်ရပါ။ ဥပမာ - ကြက်ဆူဆီ
 
 
လိပ်ခေါင်း
🔺🔺🔺🔺
🔹အကြောင်းရင်း
- ဝမ်းချုပ်လို့ ဝမ်းညှစ်လို့ ဖြစ်တာပါ။
- လိပ်ခေါင်းထဲမှာ ဖောင်းနေတဲ့ သွေးကြောတွေ ရှိပါတယ်။ သွေးကြောနံရံ ကြွက်သားမျှင်တွေ ဟော်မုန်းကြောင့် ပျော့ပျောင်းနေလို့ ပိုဖြစ်ပါတယ်။
🔹ကူညီ ကုသခြင်း
- ဝမ်းမချုပ်အောင် ကြိုးစားပါ။ အစားအသောက် ဆင်ခြင်ရုံနဲ့မရရင် ဝမ်းနုတ်ဆေး တစ်ပတ်လောက် သောက်ကြည့်နိုင်ပါတယ်။ Psyllium (Bulk forming), Lactulose (Osmotic), Docusate (stool softener) တွေ အစဉ်လိုက် တစ်ဆင့်စီ ရေတို သုံးကြည့်နိုင်ပါတယ်။
- ဝမ်းမာရင် မညှစ်ပါနဲ့။ ဘိုထိုင်သုံးရင် ခွေးခြေတစ်ခုပေါ် ခြေဖဝါးချ ကိုယ်ကို ရှေ့ကိုင်းပေးထားပါ။
- ဆားရည် နွေးနွေးဇလုံထဲ ၁၅ မိနစ်လောက် ဝင်ထိုင်တာ ကောင်းပါတယ်။
- ထုံဆေး နဲ့ စတီးရွိုတ်ပါ လိပ်ခေါင်း လိမ်းဆေး လူးပေးလို့ရပါတယ်။
 
 
မကိုယ်မှ အဖြူဆင်းခြင်း
🔺🔺🔺🔺🔺🔺🔺
🔹အကြောင်းရင်း
- ရိုးရိုး အဖြူဆင်းတာ (Leucorrhoea) ကိုယ်ဝန်တိုင်းလိုလို ရှိတတ်ပါတယ်။ ပုံမှန်ပါ။
- မက်ခရု (Thrush)။   ။ ကိုယ်ဝန်ဆောင်စဉ် ကိုယ်ခံအား အနည်းငယ်ကျလို့ မှိုဆွဲတာပါ။ ဆီးချိုရှိရင် ပိုဆိုးပါတယ်။ ယားတာ၊ နာတာလည်း ဖြစ်တတ်ပါတယ်။
- ပိုးပေါက်လွန်ခြင်း (Bacterial Vaginosis)။   ။ ငါးညှီနံ့ရ ခပ်စိမ်းစိမ်း အရည် ဆင်းတာပါ။ လမစေ့ပဲမွေးစေနိုင်လို့ သားအိမ်ညှစ်တာရှိရင် ကုသသင့်ပါတယ်။
- ညောင်းကျ ကာလသားရောဂါများ (Chlamydia and Gonorrhoea)။   ။ မွေးစဉ် ကလေးကို ကူးနိုင်လို့ (မျက်စိနာ၊ အဆုတ်ရောင်) စစ်ဆေး ကုသမှုတွေ လိုပါတယ်။
🔹ကူညီ ကုသခြင်း
- နားကျပ်လို အတံလေးနဲ့ အဖြူရည်ကိုယူပြီး ပိုးမွေးကြည့်ရင် ဘာရောဂါလည်း သိနိုင်ပါတယ်။
- မက်ခရု အတွက် Clotrimazole လိမ်းဆေး တစ်ပတ် သုံးကြည့်နိုင်ပါတယ်။ သောက်ဆေးကို ကိုယ်ဝန်ဆောင်စဉ် မသုံးပါ။
- Bacterial Vaginosis နဲ့ ညောင်းကျ ကာလသားရောဂါတွေအတွက် သင့်တော်တဲ့ ပိုးသတ်ဆေးကို ဆရာဝန်က ပေးပါလိမ့်မယ်။
 
 
ဆီးသွားများခြင်း
🔺🔺🔺🔺🔺
🔹အကြောင်းရင်း နှင့် ကုသခြင်း
- ကိုယ်ဝန်ဦးပိုင်း (သားအိမ်ကြီးလာလို့) နဲ့ နှောင်းပိုင်း (ကလေးခေါင်း စစိုက်ဝင်လို့) မှာ အဖြစ်များပါတယ်။
- ဆီးကျဉ်ရင် ဆီးပိုးဝင်တာ ဖြစ်နိုင်လို့ ဆီးစစ်ပြီး ပိုးသတ်ဆေး သေချာသောက်ဖို့ လိုပါတယ်။ ဆီးပိုးကို သေချာ မကုရင် လမစေ့ဘဲမွေးတာ၊ ပိုးက ကျောက်ကပ်ထဲအထိ တက်သွားပြီး သွေးထဲပါပြန့်သွားလို့ အသက်အန္တရာယ်ပါ ပေးတာ တွေဖြစ်နိုင်လို့ပါ။
- ဆီးချိုရောဂါ
https://www.facebook.com/childhealthmyanmar/posts/1438298876228542
 
 
ခါး၊ တင်၊ ဆီးခုံရိုး၊ ပေါင် နာခြင်း ကျဉ်ခြင်း
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
🔹အကြောင်းရင်း
- ဟော်မုန်းကြောင့် အရိုးအဆစ်တွေကို ထိန်းထားတဲ့ အရွတ်တွေ ပျော့ပျောင်းလို့ လှုပ်ရှားရင် ပိုနာပါတယ်
- Pelvic girdle pain - ဆီးခုံရိုး အဆစ် (symphysis pubic) နဲ့ ခါးအောက်ပိုင်း ဘယ်ညာ (sacroiliac joints) တွေမှာ နာပါတယ်။
- Sciatic pain - ခြေထောက်ကိုသွားတဲ့ အာရုံကြောကို ဖိနေလို့ဖြစ်ပါတယ်။ ဓာတ်လိုက်သလို ရုတ်တရက် ခြေထောက်ဖက် ဆင်းသွားတဲ့ အနာမျိုးပါ။
🔹ကူညီ ကုသခြင်း
- နာစေတဲ့ လှုပ်ရှားမှုကို ရှောင်ပါ။ ဥပမာ - ခါးလိမ်ခြင်း၊ အလေးမခြင်း၊ ပြေးခုန်ခြင်း၊ ပေါင်ကားခြင်း၊ ဒေါက်ဖိနပ် စီးခြင်း
- ခံနိုင်တဲ့ လေ့ကျင့်ခန်း သာသာလေး လုပ်ပါ။
- မွေ့ယာ မာမာပေါ် ဘယ်ဘက်စောင်း ခါးအောက် ခေါင်းအုံးခု အိပ်ပါ။
- ရေနွေးအိပ်ကပ်၊ သာသာအနှိပ်ခံတာတွေ လုပ်ကြည့်နိုင်ပါတယ်။
- ကြာကြာ ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းရှောင်ပါ။
- ခါးမတ်မတ် နေပါ။
- Pelvic girdle support belt ရှိရင် ဝယ်သုံးနိုင်ပါတယ်။ မရှိရင် ခါးပတ်အပြားကျယ်ကျယ် တစ်ခုကို တင်ပေါ် ခပ်ကျပ်ကျပ်ဝတ်ပါ။ ခါးမှာ ဝတ်လို့မရပါ။ ခါးအောက်ဘက် ဝတ်ပါ။
- သိပ်နာရင် ဆရာဝန်ပေးတဲ့ အနာသက်သာဆေး သောက်ပါ။
 
 
ကြွက်တက်ခြင်း
🔺🔺🔺🔺🔺
🔹အကြောင်းရင်း
- ဟော်မုန်း၊ ဓာတ်ဆား၊ ဗိုက်တာမင်၊ လှုပ်ရှားပုံ အပြောင်းအလဲတွေကြောင့်ပါ။
🔹ကူညီ ကုသခြင်း
- ကုသနည်းအမျိုးမျိုးရှိပေမယ့် လူတိုင်း ကောင်းတဲ့ရလဒ် မရပါ။
- ချွေးထွက်လွန်ရင် ဓာတ်ဆားရည် သောက်ပါ။
- ကြာကြာ ရပ်ခြင်း၊ အပြင်းအထန် ပြေးခြင်းရှောင်ပါ။
- လမ်းလျှောက်ခြင်း၊ အကြောဆန့်ခြင်း လုပ်ပါ။
- မအိပ်ခင် ရေနွေးနွေးနဲ့ ရေချိုးပါ။
- သာသာနှိပ်ပေးပါ။
- Magnesium, Calcium and Vitamin B ဆေးတွေ သောက်ကြည့်လို့ရပါတယ်။ ဆရာဝန်နဲ့ တိုင်ပင်ပါ။
 
 
ခြေထောက်များ ဖောခြင်း၊ သွေးကြောထုံးခြင်း
🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺🔺
🔹အကြောင်းရင်း
- တကယ်က သွေးပြန်ကြော ထုံးတာမဟုတ်ဘဲ ဖောင်းတာပါ။
- သွေးကြောနံရံ ကြွက်သားမျှင်တွေ ဟော်မုန်းကြောင့် ပျော့ပျောင်းနေလို့ ဖြစ်ပါတယ်။
- ဖောတာ ကိုယ်ဝန်တိုင်းလိုလိုမှာ ဖြစ်ပါတယ်။
🔹ကူညီ ကုသခြင်း
- ကြာကြာ ရပ်ခြင်း၊ ခြေတွဲလောင်း ထိုင်ခြင်း ရှောင်ပါ။
- လမ်းလျှောက်ပါ။
- ထိုင်ရင် ခြေကို ခွေးခြေပေါ်ထားပါ။
- အထူးပြုလုပ်ထားတဲ့ ခြေအိပ်တွေ ဝယ်ဝတ်ပါ။ compression stockings
- နာရင် ဆရာဝန်ပြပါ။ အတွင်းနက်နက်က သွေးပြန်ကြောမမှာ သွေးခဲနေမနေ စစ်ဆေးဖို့ပါ။ ဒီလိုသွေးခဲက စီးမျောပြီး အဆုတ်ရဲ့သွေးကြောမှာ ပိတ်ရင် အသက် အန္တရာယ်ရှိပါတယ်။
- အလွန် မြန်မြန် ဖောပြီး အမြင်ဝေဝါးမယ်၊ ခေါင်းအလွန်ကိုက်မယ်၊ အသည်း အစာအိမ်နား နာမယ်ဆိုရင် ကိုယ်ဝန်ဆိပ် ဖြစ်နိုင်လို့ OG နဲ့ အမြန်ပြပါ။
https://www.facebook.com/childhealthmyanmar/posts/1424017224323374:0
~~~~~~~~~~~~**~~~~~~~~~~~~**~~~~~~~~~~~~
စာဖတ်သူ မိခင်လောင်းများ ကျန်းမာရေး ဗဟုသုတများ ရရှိကြ၍ ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ကိုယ်ဝန်ဆောင်နိုင်ကြပါစေ။
Photo credit to google image
Reference to guidelines from King Edwards Memorial Hospital for Women, Western Australia.

ကျော်စန်းလွင် (Child Health Myanmar)

Comments

Popular posts from this blog

ကိုယ်ဝန်ဆောင်စဉ်အန်ခြင်း

ကြုံတွေ့ရမည့်ကျန်းမာရေးပြသနာများ ၁

ကိုယ်ဝန်ဆောင်များ မလုပ်သင့်သောအရာများ