ဘာအားဆေးတွေသောက်သင့်လဲ
🤰🏻ကိုယ်ဝန်ဆောင် ဘာအားဆေးများ သောက်ဖို့လိုမလဲ🤰🏻
🔷 ဖောလစ်အက်ဆစ် Folic Acid🔷
ကိုယ်ဝန်ဆောင်တိုင်းအတွက် မရှိမဖြစ်သောက်သင့်သော အားဆေးတစ်မျိုးကို ပြောရလျှင် ဖောလစ်အက်ဆစ်ဖြစ်သည်။ ဖောလစ်အက်ဆစ်က သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြောဖွံ့ ဖြိုးမှုအတွက် မရှိမဖြစ်လိုသည်။
ကိုယ်ဝန်မရှိခင် ၂ လမှစသောက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။ တစ်ရက်လျှင် ၀.၅ မီလီဂရမ် သောက်သင့်ပါသည်။
အောက်ပါအမျိုးသမီးများက တစ်ရက်လျှင် ၅ မီလီဂရမ် သောက်သင့်သည်။
📍ကိုယ်ဝန်မရှိခင် ဆီးချိုရှိပြီးသူများ
📍အတက်ရောဂါဆေးသောက်နေသူများ
📍အဝလွန်သူများ
📍အမွှာကိုယ်ဝန်ဆောင်များ
📍မွေးရာပါ အာရုံကြောမကြီးတွင် ချို့ယွင်းချက်ရှိသော ကလေးကို မွေးဖူးသူများ
📍မွေးရာပါ နှလုံးရောဂါရှိသော ကလေးကို မွေးဖူးသူများ
🔷သံဓာတ် (Iron, Fe)🔷
ကိုယ်ဝန်သည်တိုင်းသောက်ရန်မလိုပါ။
📍မကြိုက်၍ ဖြစ်စေ၊ အခြားအကြောင်းကြောင့် ဖြစ်စေ နေ့စဉ် အသားမစားဖြစ်သောသူများ၊
📍အစိမ်းရင့်ရောင် ဟင်းရွက်နှင့်အမဲသား၊ ဆိတ်သား လုံးဝမစားသောသူများ၊
📍သွေးအားနည်းရောဂါ( Anaemia) ရှိသူများ သောက်သင့်သည်။ ကိုယ်ဝန်ရှိစနှင့် ကိုယ်ဝန် ၂၈ ပတ်ဝန်းကျင်တွင် သွေးအားနည်းခြင်းရှိမရှိ စစ်ဆေးသင့်သည်။ မိခင်အတွက်သာမက သန္ဓေသား၏ ဦးနှောက်နှင့် ကိုယ်ခန္ဓာ ဖြစ်ထွန်းဖို့ အရေးကြီးသည်။
သွေးအားနည်းသူများ တစ်ရက်လျှင် အနည်းဆုံး iron ၆၀ မီလီဂရမ် သောက်သင့်ပါသည်။
🔷အိုင်အိုဒင်း Iodine 🔷
ကလေး၏ ဦးနှောက်ဖွံ့ဖြိုးဖို့ အရေးကြီးသော ဗိုက်တာမင်နောက်တစ်မျိုးဖြစ်သည်။ သောက်သင့်သော ကိုယ်ဝန်ဆောင်များမှာ
📍တစ်ပတ် ၃ ကြိမ် ငါးမစားချင်သောသူများ၊
📍ဟင်းချက်ရာတွင် အိုင်အိုဒင်းဆားမသုံးစွဲသောသူများ
📍တောင်ပေါ်ဒေသနှင့် မြစ်ဝကျွန်းပေါ်တွင် နေထိုင်သူများဖြစ်သည်။
တစ်ရက်လျှင် Iodine ၁၅၀ မိုင်ကရို ဂရမ် သောက်သင့်ပါသည်။
🔷ဗိုက်တာမင်ဒီ Vit D🔷
မနက်ခင်း နေရောင်ခြည်နှင့် ၁၅-၃၀ မိနစ် ထိတွေ့ရုံဖြင့် သဘာဝဗိုက်တာမင်ဒီကို အရေပြားတွင် အဓိကရရှိသည်။ ကြက်ဥနှစ်၊ အဆီပါသောငါးနှင့် နွားနို့မှလည်း အနည်းငယ်ရသည်။
📍နေရောင်နှင့် လုံးဝထိတွေ့မှုမရှိသောသူများ၊
📍မွေးရာပါ အသားရောင် အလွန်နက်မှောင်သူများ
📍အဝလွန်သူများတွင် ဗိုက်တာမင်ဒီ ချို့တဲ့ကောင်းချို့တဲ့မည်။ သွေးဖောက်စစ်၍ ဗိုက်တာမင်ဒီနည်းလျှင် ဆရာဝန်က သောက်ရမည့် ပမာဏကို ညွှန်ကြားပေးပါလိမ့်မည်။
🔷ကိုယ်ဝန်ဆောင် စုပေါင်းအားဆေး Multivitamin 🔷
ကိုယ်ဝန်ဆောင်အတွက် သီးသန့် ထုတ်ထားသော အားဆေးများတွင် ဗိုက်တာမင်မျိုးစုံပေါင်းစပ်ထားပြီးလိုအပ်သော ပမာဏသာပါရှိ၍ အညွှန်းအတိုင်းသောက်လျှင် စိတ်ချရသည်။ အာဟာရစုံအောင်စားပြီး ကျန်းမာသန်စွမ်းသော မိခင်တစ်ယောက်အတွက်တော့ မလိုအပ်ပါ။
📍ကိုယ်ဝန်ဟော်မုန်းကြောင့် ပျို့အန်ချင်စိတ်ပြင်းထန်၍ အစားမဝင်သူများ
📍အစာဂျီးများသူများ
📍 ရှေးရိုးစွဲများကို ယုံကြည်၍ အစားရှောင်လွန်းသော ကိုယ်ဝန်ဆောင်များတွင် ဗိုက်တာမင်မချို့တဲ့စေရန် သောက်ပါ။
🔷အန္တရာယ်ရှိနိုင်သော အားဆေး🔷
ဗိုက်တာမင်အေ၊ ဒီ၊ အီး၊ ကေ (A D E K) စသည်တို့က သင့်လျော်သော ပမာဏတစ်ခုထက် ပိုသောက်မိလျှင် အထူးသဖြင့် ဗိုက်တာမင်အေကို လိုတာထက် ပိုသောက်လျှင် မိခင်ရော ဗိုက်ထဲကကလေးပါ အန္တရာယ်ရှိပါသည်။ ထို့ကြောင့် တတ်ကျွမ်းနားလည်သော ဆရာဝန်မညွှန်ဘဲ ထိုဗိုက်တာမင်များကို ကိုယ်ဝန်တွင် သီးသန့်မသောက်ပါနှင့်။
နေနေမိုးဆွေ (Child Health Myanmar)
Photo Credits to Google
Reference: RACGP & The Royal Women's Hospital, Victoria, Australia
#naynaymoeswe

Comments
Post a Comment